mmm

ဗျူဟာ ပေါ်လစီ စမ်းစစ်ချက်

ကျနော်တို့ မြန်မာတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းချက်တခုမှာ “မူ” သို့မဟုတ် ပေါ်လစီထက် “လူ” ကို ခင်တွယ်တာ “ပို” ကြတယ်။ ဒါကြောင့် ဒေါ်စုက အကြမ်းမဖက်တဲ့ ဝါဒ Non-Violence ကို ဦးစားပေးတယ်ဆိုတာနဲ့ လူတိုင်း အကြမ်းမဖက်တဲ့ ဝါဒီတွေ ဖြစ်ကုန်ကြရော။ ဒေါ်စုနဲ့ ပတ်သက်တယ် ထင်ရင်ပဲ “ရလဒ်” ကို မဆန်းစစ်ချင်ကြတော့ဘူး။ အကြမ်းမဖက်တဲ့ ဝါဒဆိုတာ ခံယူချက်၊ ပေါ်လစီ မဟုတ်ပါ။

အကြမ်းမဖက်တဲ့ ဝါဒအပေါ် အခြေခံပြီး စေ့စပ်ရေးလမ်းကြောင်း ပေါ်လစီကို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂ ယူအင် - UN ကိုချည်း အားကိုးနေ၍ မရနိုင်ပါဘူး။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဖိအားပေး၊ ကုလသမဂ္ဂက လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးမယ်ဆိုပြီး ရာဇသံပေးလို့ နအဖ ဗိုလ်ချုပ်တွေကို စည်းဝေးဝိုင်းအတွင်း ဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီပဲ။

ပေါ်လစီ ဖော်ဆောင်မှုမှာ အားနည်းတာလား၊ ပေါ်လစီကိုယ်တိုင်က အားနည်းတာလား၊ ဆိုတာကို ဘယ်သူကမှ ဆန်းစစ်ဖို့ သတိမရှိခဲ့ကြဘူး။

နအဖ က “အချိန်” ကို ရတဲ့နည်းနဲ့ ဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် သုံးခဲ့တာ အနှစ် ၂၀ ကြာတော့ “လူ” တွေလည်း ခြေကုန်လက်ပန်းကျ၊ တိုင်းပြည်လည်း မွဲသထက်မွဲ၊ မြန်မာပြည်သားတွေလည်း တကမ္ဘာလုံး ပြန့်ကြဲကုန်၊ နိုင်ငံရေးသမား အများစုဟာလည်း ထောင်ထဲရောက်ကုန်ပြီ။

နအဖ ဗိုလ်ချုပ်တွေကတော့ အလှည့်ကျနည်းနဲ့ တိုင်းပြည် သယံဇာတတွေကို ရောင်းစားရင်း ချမ်းသာကြွယ်ဝပြီး၊ မြန်မာစစ်တပ်ဟာ ကြီးထွားလာရုံမက အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိတယ်။

နအဖ က ပြည်တွင်း အတိုက်ခံတွေကို အနိုင်ကိုင်နိုင်ပြီလို့ ယူဆပုံရတယ်။ နောက်တဆင့် ရေနံနဲ့ ဓာတ်ငွေ့ကရတဲ့ ငွေတွေနဲ့ စစ်အင်အားကို ချဲ့ကာ ဒေသဆိုင်ရာ စစ်အင်အားကြီးနိုင်ငံ ဖြစ်ရအောင် ချီတက်လျက်ရှိတယ်။

မကြာခင် အနှစ် ၂ဝ အတွင်းမှာ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေသာမက အရှေ့တောင်အာရှ ဒေသတခုလုံးကိုပါ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်။ အားလုံးအတွက် ပြဿနာ ဖြစ်လာပါလိမ့်မယ်။

ဒေါ်စုရဲ့ ပြဿနာ

ကျနော့်အမြင်အရ ဒေါ်စုကို ထိပ်တန်းကို တင်ပို့လိုက်တာ ဒေါ်စုရဲ့ သတ္တိနဲ့ ဒီမိုကရေစီ ယုံကြည်ချက်အပြင် အကြမ်းမဖက်တဲ့ဝါဒ Non-Violence ကို ထိပ်တန်းတင်လာတဲ့အတွက် အနောက်နိုင်ငံက တက်ကြွလှုပ်ရှားသူတွေ Activists တွေ အကြိုက် ဖြစ်သွားတယ်။ ဒါကြောင့် နိုဘယ်ဆုရအောင် ဝိုင်းထမ်းတင်ပေးလိုက်ကြတယ်။ ဒီဆုကြီးကြောင့် ကိုင်ထားတဲ့ ဝါဒကို ပစ်ပယ်လို့ မရတော့ဘူး။ ဒီနည်းနဲ့ နအဖ ကို တိုက်လို့မရကြောင်း သိရင်တောင် ဒီလမ်းက သွေဖည်ဖို့ အခက်ဖြစ်နေတယ်။ Activists ဆိုတာ တာဝန်ယူမှု မရှိဘူး။ အရွေးခံရတဲ့ နိုင်ငံရေးသမားတွေနဲ့ ပေါ်လစီကိုင်သူ Policy makers တွေရဲ့ တာဝန်ကိုး။

ဒေါ်စုက ဘာသာရေးကြည်ညိုစိတ် ပြင်းပုံရတယ်။ ဂျပန်က ပညာရှင်တယောက်က ဒေါ်စုနဲ့ အင်တာဗျူးလုပ်ပြီး ပြန်ရေးပြထားတဲ့ အထဲမှာ ဒေါ်စုဟာ ဘာသာရေးနဲ့ ကြည့်ပြီး “ အမှန်တရား” က “ မကောင်းမှုအမှား” ကို ကျော်လွှား အနိုင်ယူမယ်လို့ မြင်ပုံရတယ်လို့ သုံးသပ်ထားတယ်။ လက်တွေ့မှာ အာဏာနဲ့ စည်းစိမ်အတွက်ဆိုရင် “ဘာသာ” လည်း မရှိ၊ တိုင်းပြည်နဲ့ လူမျိုး ချစ်စိတ်လည်း မရှိ၊ တိုင်းပြည်ကို ရောင်းစားရမှာလည်း မကြောက်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို “အမှား”၊ “အမှန်” တခုထဲနဲ့ အနိုင်ယူဖို့၊ မေတ္တာသစ္စာနဲ့ပဲ အနိုင်ယူဖို့ဆိုတာ လက်တွေ့ကျပါ့မလားလို့ မေးစရာရှိတယ်။

စတာလင်တို့၊ မော်စီတုံးတို့ဆိုတာ အာဏာအတွက် ကိုယ့်လူမျိုးတွေကို သန်းပေါင်း ဆယ်ဂဏန်းမက သတ်ခဲ့ကြတဲ့ လူသတ်ကောင်တွေပဲ။ ဒါပေမဲ့ အာဏာလက်ကိုင် ဘဝနဲ့ သေဆုံးသွားကြတော့ သူရဲကောင်းတွေအဖြစ် သေသွားကြပြီး အခုမှ ရာဇဝင်က တဖြည်းဖြည်း ဖော်လာကြရတာပဲ။ အာဏာရှင်ဆိုတာ ဆန့်ကျင်ရုံနဲ့မရ တော်လှန်မှ ရတာကိုး ။ မော်စီတုံးပြောသွားသလို အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုတာကို တရုတ်တွေဆီက နအဖ ဗိုလ်ချုပ်တွေက လက်ခံ ဆည်းပူးထားပုံရတယ်။

ဒေါ်စုဟာ စိတ်ကောင်း ရှိလွန်းတယ်။ မိခင်စိတ် ရှိလွန်းတယ်။ ဒါကြောင့် မရက်စက်ချင်ဘူး။ ဖြစ်နိုင်ရင် ခွင့်လွှတ်ချင်တယ်။ ဒိအပြင် ကိုယ့်လူငယ်တွေကို ရက်ရက်စက်စက်၊ ပြတ်ပြတ်သားသား မစွန့်လွှတ် မစတေး ရက်ဘူး။

စိတ်ကောင်းရှိတဲ့  အကြမ်းမဖက်တဲ့ ဝါဒကို ယုံကြည်မှုပြင်းတဲ့ ဒေါ်စုကို ကျနော် နားလည်တယ်။ သူ အနာခံ ဆန့်ကျင်ပြတာကို ကျေးဇူးလည်း တင်တယ်။ အမေရိကားမှာ သမ္မတကြီး ငြင်းဆိုခွင့် Plausible Deniability ရှိအောင် တခါတရံ သမ္မတကို တမင်အသိမပေးဘဲ အောက်က လုပ်ရတာတွေ ရှိတယ်။ ဒီလိုပဲ ဒေါ်စုကို ဒီမိုကရေစီ ပုံရိပ်အဖြစ် လူတွေ တက်ကြွလာအောင် နှိုးဆော်ပေးနိုင်တဲ့ ခေါင်းဆောင် Inspirational-Leader အဖြစ် ထိပ်မှာတင်ထားပြီး၊ မလုပ်မဖြစ်တဲ့ Grass-Root အောက်ခြေလူတန်းစား စည်းရုံးရေးနဲ့ အင်အား တည်ဆောက်ဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ မြင်မိတယ်။ ဒီ “အင်အား” နဲ့ တောခြောက်ပြီး၊ အဖြေရှာပြီးတော့မှ ထိပ်မှာနောက်ဆုံး ညှိနှိုင်းဆွေးနွေးကြရင် ကျနော်တို့ခေါင်းဆောင် ဒေါ်စုပဲ “အဖြေရှာ” ရမှာပဲ။ ဒါကြောင့် နောက်ဆုံးပန်းတိုင်ကို ဒေါ်စုသာ လျှောက်နိုင်ပါတယ်။ Only Daw Suu can walks the last mile လို့ ကျနော် အခါခါ ရေးပြခဲ့တာပေါ့။

“အင်အား” မတည်ဆောက်နိုင်သရွေ့၊ တောမခြောက်နိုင်သရွေ့၊ အနောက်နိုင်ငံတွေက ဟန်ဆောင်ခြိမ်းခြောက်လိုက်၊ လိုအပ်ရင် တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ဟန့်တားလိုက်၊ နအဖ က အတိုက်အခံ ဟူသမျှကို ဖမ်းပြီး နှစ်ရှည်လများ ထောင်ထဲမှာ ထည့်ထားလိုက်နဲ့ အချိန်ကိုဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် အသုံးပြုပြီး ကိုမင်းကိုနိုင်တို့လည်း နှစ် ၆ဝ ကျော်၊ ဒေါ်စုလည်း နှစ် ၈ဝ ကျော် ရောက်ကုန်မယ်။ ကျနော်တို့ အားလုံး သဘာဝ တရားအရ တဖြည်းဖြည်း ခန္ဓာကြွေကုန်ကြမယ်။

စိတ်ဓာတ်ကျစရာမဟုတ် အရှိကို အရှိအတိုင်း မြင်တတ်ဖို့သာ လိုပါတယ်။

လက်ရှိအခြေအနေမှာ အတိုက်အခံဟာ ‘အားနည်းတယ်’။ ဒါကို စိတ်ဓာတ်ကျစရာ မလိုပါ။ ဘာကြောင့် အားနည်းသလဲဆိုတာကို ကြည့်မြင်တတ်ရင် ဘယ်လို ‘အားရှိ’ အောင် လုပ်မလဲဆိုတာကို ‘အဖြေ’ ရှာရမယ်။ End Game ဆိုတဲ့ နောက်ဆုံး ရည်မှန်းချက်က ဘာလဲဆိုတာကို သိရမယ်။ သိမှ ‘ဗျူဟာ’ ကို ပြင်ချင်ရင်ပြင်၊ ဖြည့်စွက်ချင်ရင် ဖြည့်စွက်ပေါ့။ ‘လိုချင်’ တဲ့ စိတ် ရှိဖို့ လိုတယ်။ လိုလျှင်ကြံဆ နည်းလမ်းရတာပေါ့။

နိုင်ငံရေးသမားဆိုတာ

မြန်မာ့လွတ်လပ်ရေးသမိုင်းကစလို့ ဒီကနေ့အထိ မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ရင် နိုင်ငံရေးသမား တွေ၎င်း၊ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အများစုဟာ ပြဿနာတခုဖြစ်ရင် ဝုန်းဆို ကောက်ရိုးမီးလို ထတောက်ကြပြီး၊ စိတ်အလိုလိုက်တတ်ကြတယ်။ ရေတက်နေတဲ့ အချိန်မှာ ဆူကြပူကြ ဖြစ်ကြပြီး၊ သွေးအေးသွားရင် ဖုတ်ဆို ပြုတ်ကျ၊ စိတ်ဝင်စားမှု မရှိကြတော့ဘူး။ အထူးသဖြင့် စိတ်လှုပ်ရှားမှုဖြစ်ပြီး၊ စိတ်အလိုလိုက် Emotional ဖြစ်တတ်ကြတယ်။ လူအုပ်များလာရင် လူအုပ်စိတ်ဓာတ် Mob Mentality ဝင်လာပြီး တယောက်ယောက်က ထအော်လိုက်ရင် “ဟေ့လာ … မောင်ရိုးဝါး” ဆိုပြီး ထလိုက်သွားတတ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေဟာ ဖရိုဖရဲနဲ့ လူအုပ်နောက် ပါသွားတတ်ကြတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမား အများစုဟာ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ် “ပလင်” ကောင်းကောင်းနဲ့ တဆင့်ပြီး တဆင့်၊ ခြေလှမ်း တချက်ပြီး တစ်ချက် ခြေလှမ်းညီညီ မလှမ်းတတ်ကြဘူး။ ဒါက နိုင်ငံရေးသမားတွေရဲ့ (အားနည်းချက်)ပဲ။

ဒါကြောင့် နိုင်ငံရေးသမားတွေတွေးပုံက လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ အတင်းဝင်၊ အတင်းတက်၊ အတင်းအော်ကြပေါ့။

စစ်သားဆိုတာ

စစ်သားဆိုတာက စစ်သား ‘စ’ ဖြစ်တဲ့နေ့မှာပဲ ‘လွတ်လပ်ခွင့်’ ကို တံခါးပေါက်မှာ ထားခဲ့ရပြီ။ ခိုင်းတာလုပ်၊ စေရာသွား၊ ပြန်မပြောနဲ့ဆိုတဲ့ သံမဏိစည်းကမ်းကို လိုက်နာရပြီ။ ရောမခေတ်ကတည်းက စစ်သားဆိုတာ ‘စုစည်းမှုအဖွဲ့’ နဲ့ အားယူတာပဲ။ တဦးချင်းမဟုတ်၊ အဖွဲ့နဲ့ တိုက်ရတာကိုး။ တပ်စု တပ်စိပ် တပ်ခွဲ တပ်ရင်း တပ်မဟာ တပ်မ တပ်မအုပ်စု တပ်မတော်ဆိုပြီး ‘အစု’ နဲ့ တိုက်တာ။

စစ်သားဆိုတာ စစ်ပွဲမဖြစ်ခင်ကတည်းက Battle-Plan လို့ခေါ်တဲ့ စစ်ပွဲအစီစဉ် (Plan) ရှိတယ်။ Logistic လို့ ခေါ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းထားရမယ်။ Training လို့ ခေါ်တဲ့ ပြင်ဆင်မှုသင်တန်းတွေ ရှိရတယ်။ Reinforcement လို့ ခေါ်တဲ့ တပ်ဖြည့်မှုတွေကို နားလည်ရတယ်။ Intelligence လို့ ခေါ်တဲ့ ကြိုတင်ထောက်လှမ်းပြီး ရန်သူ့သတင်း ရှိနေရမယ်။ Objective လို့ ခေါ်တဲ့ မိမိသိမ်းပိုက်ရမယ့် ရည်မှန်းချက်၊ ဗျူဟာ Strategy ။ နောက်ဆုံး ဆုတ်ရရင် Exit-Strategy ဆိုတဲ့ ထွက်ပေါက်တွေ အားလုံးကို စဉ်းစားထားရမယ်။ ဒါ စစ်ဗိုလ်ချုပ်တိုင်း မသိမဖြစ်သိရမယ့် အခြေခံအချက်တွေပဲ၊ စစ်ပညာအရင်းခံပဲ။ ဒါကြောင့်စစ်ဗိုလ်တွေရဲ့ အားသာချက်က ခေါင်းအေးအေးနဲ့ အစီအစဉ် (Plan) နဲ့ တိုက်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ထဲပေါ်တဲ့အတိုင်း စိတ်ဆွဲဆောင်ရာနောက် မလိုက်နိုင်၊ လိုက်ခွင့် မရှိပါ။

စစ်ပွဲအစီအစဉ် ရှိပြီးတာတောင် မလုံလောက်သေးပါ။ War Games လို့ ခေါ်တဲ့ ၂ ဖက် ၂ သင်း ဖွဲ့ပြီး၊ တိုက်ကြည့်ရပါတယ်။ ဒါမှ Logistic လိုအပ်ချက်တွေ၊ ဗျူဟာ Strategy ရဲ့ အားနည်းချက်၊ အားသာချက်တွေ ‘ပေါ်’ လာပြီး ပြင်နိုင်တယ်။ စစ်ပွဲတပွဲမှာ ရန်သူအငိုက်မိအောင် လျှပ်တပြက် တိုက်နိုင်တာဟာ အရေးအကြီးဆုံးပဲ။ ဒါကြောင့် ဘယ်ခြောက်ခါ ညာလှမ်းဆိုသလို တဖက်ကို ဟန်ပြပြီး၊ ပရိယာယ်သုံးရတာကို ကောင်းကောင်း နားလည်ရတယ်။ အင်္ဂလိပ်လိုတော့ Deception ဆိုတာပေါ့။

စစ်ပွဲတခုမှာ Logistic (ထောက်ပံ့ရေး) မနိုင်ဘဲ အောင်မြင်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် စစ်ဗိုလ်ဖြစ်တာနဲ့ Logistic အကြောင်း နားလည်ရပါတယ်။ ထိုနည်းတူစွာပဲ Professional လို့ ခေါ်တဲ့ တကယ်အလုပ်လုပ်ဖူးတဲ့ အတတ်ပညာရှင် ဖြစ်လာရင် Logistic ကို အရင်မေးကြတာပဲ။ လက်ရှိ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမား အများစုဟာ တာဝန်ကြီးကြီးယူရတဲ့ Responsible အလုပ်တွေ မလုပ်ဖူးကြဖူးဘူး (အထူးသဖြင့် ပြည်ပရောက်နေသူတွေပါ)။ လက်တွေ့ အတွေ့အကြုံ မရှိကြဘဲ၊ တသက်လုံး ‘အော်’ လာကြတော့ ‘လိုချင်’ တာပဲ သိကြတယ်။ ‘လိုအပ်’ တာကို နားမလည်ကြဘူးလို့ မြင်မိတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ‘ပြည်ပ’ မှာ ကျင်လည်နေကြတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးကြည့်ကြပါ။ ‘အရေးကြီးပြီဟေ့’ ဆိုတာကို တွင်တွင်ပြောကြပါလိမ့်မယ်။ ဘာအရေးကြီးတာလဲ၊ ဘာတွေ ‘လို’ သလဲ၊ ဘာတွေ ‘ပြင်’ ထားရမှာလဲ၊ ဘယ်လို ‘အောင်ပွဲ’ ခံမှာလဲ၊ ‘တိုက်ကွက်’ က ဘာလဲ၊ ‘ဆုတ်ကွက်’ က ဘာဆိုတာ မပါကြဘူး။ တယောက်ယောက်က အရေးကြီးပြီဆို အားလုံးက သံယောင်လိုက်ပြီး အရေးကြီး ကုန်ကြရော။ ကြာတော့ တကယ် အရေးပေါ်လာတာတောင် လူအများစုက မယုံတော့ဘူးပေါ့။ ဒါ လက်တွေ့ပကတိ ဖြစ်ရပ်ပါ။

နိုင်ငံရေးသမားတွေရဲ့ အားသာချက်က Diversity လို့ ခေါ်ရမယ့် လူပေါင်းစုံ ပါဝင်ခွင့်ရတဲ့အတွက် ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်တဲ့ (Day-2) လုပ်ငန်းတွေကျတော့ ပုံမှန် အံဝင်ခွင်ကျ ဖြစ်တယ်။ တော်လှန်ရေးကာလ (Day-1) ကာလမှာကျတော့ ဒီ Diversity က အားနည်းချက် ဖြစ်လာနိုင်တယ်။

စစ်ဗိုလ်မှာ ၃ မျိုး ၃ စား ရှိတယ်။ ရှေ့တန်းမှာ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဂျာမန်ဗိုလ်ချုပ် ရွမ်းမဲလ်၊ အမေရိကန်ဗိုလ်ချုပ် မက်အာသာတို့လိုပေါ့။ စစ်တပ်ရဲ့ လိုအပ်ချက်ကိုသိပြီး၊ စစ်တပ်ကို ထူထောင်နိုင်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်မောင်မောင် (ဆိုရှယ်လစ်)၊ အမေရိကန်ဗိုလ်ချုပ် မာရှယ်တို့လိုပေါ့။ ရှေ့တန်းက ဗိုလ်ချုပ်တွေ အောင်ပွဲခံနိုင်အောင် ဒီဗိုလ်ချုပ်တွေက ထူထောင်ဖြည့်ဆည်းပေးရတာ။ နောက်ဆုံးကတော့ နိုင်ငံရေးနားလည်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်နေဝင်းနဲ့ အမေရိကန်ဗိုလ်ချုပ် ကောလင်းပါဝဲလ်တို့လိုပေါ့။ ဒီဗိုလ်ချုပ်တွေက နိုင်ငံရေးကို နားလည်လိုက်စားပြီး စစ်တပ်ထူထောင်ဖို့ ငွေနဲ့ အခွင့်အရေးတွေရအောင် နိုင်ငံရေးသမားတွေနဲ့ ပလူးပြီး၊ စစ်တပ်ဘတ်ချက်အတွက် ‘ငွေ’ ရှာရတဲ့ နိုင်ငံရေး ဗိုလ်ချုပ်တွေပေါ့။

ဒီမိုကရေစီ မတည့်တံ့သေးတဲ့ နိုင်ငံတိုင်း စစ်တပ်ရဲ့ အာဏာသိမ်းမှု အန္တရာယ်နဲ့ ကြုံတွေ့ရတတ်တယ်။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်တွေ တောခိုတော့ ပြည်တွင်းစစ်ကြောင့် စစ်တပ်ရဲ့နေရာနဲ့ အရှိန်က ပိုကြီးထွားလာတာပေါ့။ တရုတ်ဖြူအန္တရာယ်ကြုံရတော့ စစ်တပ်ရဲ့ အရှိန်က ကြီးသထက် ကြီးလာတာပေါ့။ လွတ်လပ်ရေး တိုက်ပွဲကာလမှာ နိုင်ငံရေး အကွက်မြင်ပါတယ်ဆိုတဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်သန်းထွန်းစတဲ့ နိုင်ငံရေးသမားတွေကိုကျော်ပြီး ဗိုလ်ချုပ်နေဝင်းဟာ ဘာကြောင့် မြန်မာနိုင်ငံရေးကို အုပ်စီးနိုင်ခဲ့သလဲ။ နိုင်ငံရေးပရိယာယ် ကြွယ်တာချင်း တူကြရင်တောင် စစ်သားဆိုတာက စိတ်ရှည်တယ်။ ကြိတ်ကြံထားတဲ့ အစီအစဉ်တွေ ရှိတယ်။ ပရိယာယ်နဲ့ လှည့်ဖြားမှု Deception ရှိတယ်။ နိုင်ငံရေးသမားတွေကို လှည့်ကစားပြီး ကိုယ့်လက်ကို ကိုယ်မပြခဲ့ဘူး။ ဒါကြောင့် ဦးနုက ၁၉၆၂ ခုနှစ် အာဏာသိမ်းခံရတဲ့ ညမှာ ဗိုလ်နေဝင်း သိရဲ့လား၊ ဗိုလ်နေဝင်း သိရင် ပြီးမှာပဲဆိုပြီး စိတ်ချလက်ချ အိပ်ပျော်သွားတာပေါ့။ ဗိုလ်နေဝင်းက အစောကြီး နိုင်ငံတော်ဘဏ္ဍာနဲ့ ရေကြည်အိုင်မှာ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းဖို့ လုံးချင်းအိမ်တွေ ကြိုဆောက်ထားတာ ဦးနု မသိလိုက်ဘူး။ အချိန်ယူပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးမှ ခေါင်းအေးအေးနဲ့ အနိုင်ယူသွားတာ။ နိုင်ငံရေးသမားတွေလို Emotion စိတ်ဆန္ဒစောတာ မပါဘူး။ ဒါ့ကြောင့် အစီအစဉ် Plan မရှိတတ်တဲ့ စိတ်ဆန္ဒနောက် လိုက်တတ်တဲ့ နိုင်ငံရေးသမားတွေကို အစီအစဉ်နဲ့ စည်းကမ်းရှိတဲ့ စစ်ဗိုလ်ချုပ်က အာဏာသိမ်းနိုင်ခဲ့တာ။

နိုင်ငံရေးသမားတွေ (တွေးပုံ) (တွေးနည်း) ကို ကောင်းကောင်း နားလည်ပြီး၊ ကြိုတင်ပြင်ဆင်နိုင်တာ ဗိုလ်ချုပ်နေဝင်းရဲ့ (အားသာချက်) ပဲ။

အခု စစ်တပ်အုပ်စိုးတဲ့ ခေတ်မှာ တော်လှန်ရေးသမားတွေကလည်း စစ်ဗိုလ်ချုပ်တွေ တွေးသလို၊ တွေးနိုင်ရမယ်။

နိုင်ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲ တိုက်သလို နိုင်ငံရေး စစ်ပွဲသဏ္ဌာန် တိုက်နိုင်ရမယ်။

ဒီလိုတိုက်နိုင်ဖို့ နိုင်ငံရေးသမားတွေဟာ စစ်ဗျုဟာနဲ့ စစ်သားစိတ်ဓာတ်၊ စစ်သားဉာဉ်ကို လေ့လာဆည်းပူးသင့်တယ်။

မော်စီတုံးဟာ စစ်ဗိုလ်ချုပ် မဟုတ်ပေမဲ့ စစ်ဗျူဟာကို ကောင်းကောင်း နားလည်တဲ့ နိုင်ငံရေးသမားပဲ။ ချူအင်လိုင်း၊ တိန်လျှောက်ပိန်တို့လည်း စစ်ဗျူဟာကို နားလည်တဲ့၊ စစ်တပ်ကို ထိန်းချုပ်ရတဲ့ နိုင်ငံရေး ကွန်မင်ရှင်နာ Political Commissioners တွေပဲ။ ခရူးရှက်လည်း ထိုနည်းလည်းကောင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လိုအပ်လို့ စစ်တိုက်ရတဲ့ နိုင်ငံရေးသမားပဲ။ စစ်ဗိုလ်တွေတောင် နိုင်ငံရေး နားလည်နိုင်ရင် နိုင်ငံရေးသမားတွေကတော့ ဘာကြောင့် စစ်ဗျူဟာ နားမလည်နိုင်ရမှာလဲ?

ဒါပေမဲ့ ခက်တာက လက်ရှိ စစ်တပ်ကို တော်လှန်ဖို့ ကြိုးစားနေကြတဲ့ လူအများစုက စစ်တပ်အကြောင်း စိတ်မဝင်စားကြဘူး။ စိတ်ဝင်စားတယ်ဆိုတဲ့ လူတချို့ကလည်း ဗိုလ်ချုပ်သန်းရွှေနဲ့ မောင်အေး အားပြိုင်နေကြတယ်၊ ဘယ်သူကတော့ ဒေါ်ကြိုင်ကြိုင့်လူ၊ ဘယ်သူနဲ့ ဘယ်သူ မတဲ့ဘူးဆိုတဲ့ ‘အတင်း’ နဲ့ ‘အဖျင်း’ နောက် လိုက်ကြတာ များတယ်။ တပ်မတော် ဖွဲ့စည်းပုံက ဘယ်လို၊ ထိပ်က ဗိုလ်ချုပ်တွေ ‘အာဏာ’ ကို ဘယ်နည်းနဲ့ ထိမ်းချုပ်ထားတာလဲ။ စနစ် System က ဘယ်လို၊ Form ပုံသဏ္ဌာန်က ဘယ်လိုဆိုတာကို အရေးမထားကြဘူး။

မြန်မာတွေထဲမှာ စနစ်တကျ သတင်းစုဆောင်းတဲ့ Source သတင်းဆုံချက် မရှိဘူး။ ရလာတဲ့သတင်းကို စိတ်ခံစားမှုမပါဘဲ ရှိတဲ့ Data သတင်းသက်သက်နဲ့ ယှဉ်ပြီး အရှိကို အရှိအတိုင်း ဝေဖန်သုံးသပ်နိုင်တဲ့ ဝေဖန်သုံးသပ်နိုင်သူ Analyst မရှိဘူး။ အမှန်တကယ် ကြည့်တတ်ရင် Direct Source လို့ ခေါ်တဲ့ တိုက်ရိုက် သတင်းပေးနိုင်သူ မရှိဘူး။ နအဖ ဗိုလ်ချုပ်တွေက သတိရှိတယ်။ ဘယ်သူမှ အဝင်မခံဘူး။ သူတို့နောက်လိုက်တွေ၊ ကပ်ဖားနေတဲ့ စီးပွားရေးသမားတွေ ပြောတာကို တဆင့်ခံကြားပြီး ပုံကြီးချဲ့ကြည့်နေကြတာ။ အင်္ဂလိပ်လို့ Proxy လို့ ခေါ်ပါတယ်။ တိုက်ရိုက်သိတာ တယောက်မှ မရှိပါ။ တဆင့်စကား တဆင့်ပွားပြီး လူတတ်ကြီးတွေ လုပ်နေကြတာပဲ။ နအဖ ဘက်က တမင်လုပ်ကြံပြီး ‘အပင်း’ ထည့်တာတွေကလည်း ခဏခဏပဲ။ တကြိမ်က လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတယောက်က Brigadier General ဗိုလ်မှူးချုပ်ဟာ Major General ဗိုလ်ချုပ်ထက် ရာထူးကြီး ပါတယ်ဆိုပြီး အတင်းငြင်းတယ်။ ကျနော် ဘာပြန်ငြင်းရမှန်းမသိ ဖြစ်ခဲ့ရတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ စစ်တပ်နဲ့ဆိုင်တဲ့ နားလည်မှု၊ လေ့လာမှု၊ စိတ်ဝင်စားမှု ချို့ယွင်းနေသေးတယ် ဆိုတာကို သိစေချင်တာပါ။

နအဖ ဘက်က ဒေါ်စုကို အသေးစိတ် လေ့လာထားတယ်။ ဒေါ်စုရဲ့ တွေးပုံတွေးနည်း၊ ဒေါ်စုရဲ့ စိတ်ဓာတ် အနေအထား Psychological Profile၊ ဒေါ်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေအချာ လေ့လာပြုစုထားတယ်။ ဒါ့အပြင် National Defense College လို့ ခေါ်တဲ့ ဗိုလ်ချုပ်ဖြစ်မယ့် သူတွေကို ရွေးပြီး၊ မွေးထုတ်ပေးတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ NLD ကို ဘယ်လိုရင်ဆိုင်မလဲ၊ NLD အားသာခဲ့ရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စစ်ပွဲတိုက်ပွဲသဏ္ဌာန် War Game လုပ်ကြတယ်။ နအဖ က စစ်သားတွေပီပီ စစ်ပညာရှင် ရှင်စူး Shin Tsu ပြောခဲ့တဲ့ Know thy Enemy သင့်ရန်သူအကြောင်းကို သိပါစေ ဆိုတာကို မမေ့ဘူး။ အတိုက်အခံကို ရင်ဆိုင်ဖို့ ရန်သူနဲ့ စစ်တိုက်ရသလို သဘောထားဆက်ဆံ၊ ကြိုတင်ပြင်ဆင်ထားတယ်။

ကျနော်တို့ အတိုက်အခံတွေဘက်က ဘယ်နှယောက်များ စစ်တပ်အကြောင်း စိတ်ဝင်စားလို့ လေ့လာထားတာ ရှိကြသလဲ ပြန်မေးကြည့်ကြပါ။ လက်တဖက်နဲ့ ရေနိုင်ပါတယ်။ ဒီလူနည်းစုထဲမှာပဲ ဘယ်နှယောက်က အတင်းနဲ့ အဖျင်းကို သတင်းနဲ့ မရောဘဲ စနစ်တကျ စိတ်ဖြာသုံးသပ်နိုင်ပါသလဲ။ ဘယ်ဟာက ‘အတင်း’၊ ဘယ်ဟာက ‘သတင်း’ ဆိုတာ ကို ခွဲစိတ်နိုင်ကြရဲ့လား။ ဗိုလ်ချုပ်သန်းရွှေရဲ့ တွေးတောပုံတွေးတောနည်း၊ ဘယ်ဟာကို အလေးပေးတယ်၊ ဘယ်ဟာကိုတော့ အရေးမပေးဘူး။ သူ့ရဲ့ Psychological-Profile ဘယ်လို ဆိုတာတွေကို ပြုစုထားကြသလား။ ဗိုလ်ချုပ်သန်းရွှေနဲ့ တိုက်ရိုက်ဆက်ဆံဖူးတဲ့သူ ဘယ်နှစ်ယောက်နဲ့ ဆွေးနွေးဖူးကြသလဲ။ သံတမန်တွေဆီက ကြားတဲ့ စကားနဲ့ တဆင့် Proxy တွေက ပြောတာတွေကိုပဲ နားစွင့်ပြီး ပုံကြီးချဲ့နေကြရတယ် မဟုတ်လား။ တခါတခါ အချင်းချင်း လွှင့်လိုက်တာကပဲ သတင်းဖြစ်ပြီး ပြန်လည်လာတယ် မဟုတ်လား။

ဒါကြောင့် အတိုက်အခံတွေကြားမှာ ဖြစ်ချင်တဲ့ စေတနာနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ငပေါကြီး၊ ဗိုလ်ချုပ် မောင်အေးက ‘ငမူး’ ဒီ နှစ်ယောက် အားပြိုင်နေကြတယ်။ စသဖြင့် စိတ်ကူးယဉ် ပုံရိပ်ဖော်ခဲ့ကြတယ်။ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပကတိအနေအထားကို ယုတ္တိကျကျ မမြင်ချင်တော့၊ မမြင်တတ် ကြတော့ဘူးပေါ့။ ဒါကြောင့် သန်းရွှေကြီးတော့ ကြောက်နေပြီ။ သန်းရွှေကြီး ဒုက္ခတွေ့နေပြီဆိုပြီး ဖြစ်ချင်တာကို စိတ်ခံစားမှု Emotion နဲ့ ရောပြီး ယုံလိုက်ကြ၊ ကောက်ချက်ချလိုက်ကြတော့ ရန်သူကို အရှိကို အရှိအတိုင်း မမြင်ကြဘဲ၊ ပြင်ဆင်မှု မလုပ်ခဲ့ကြ။ နောက်ဆုံး တိုက်ပွဲဖြစ်တိုင်း ကိုယ့်ဘက်က အဆင့်သင့်မဖြစ်ကြဘဲ အခွင့်အရေးတွေ ဆုံး၊ အချိန်တွေကုန်ပြီး တိုင်းပြည်နဲ့ လူမျိုးလည်း ‘စစ်ကျွန်’ ဘဝက မလွတ်ဘဲ၊ မွဲသထက် မွဲကုန်ကြတာပေါ့။

ကျနော့်အမြင်ကို တင်ပြရရင် ဗိုလ်ချုပ်သန်းရွှေဟာ ‘ငပေါ’ မဟုတ်ပါ။ ပညာတတ် အတွေးအခေါ်ရှိတဲ့ ‘လူတော်’ လည်း မဟုတ်ပါ။ တိုင်းပြည်ကိုချစ်တဲ့ ‘မျိုးချစ်’ လည်း မဟုတ်ပါ။ ဒါပေမဲ့ အာဏာမက်တဲ့၊ အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့၊ အာဏာကို ထိန်းနိုင်တဲ့ ‘အာဏာရှင်’ သက်သက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်စစ်ဆင်ရေးကို အတွေ့အကြုံရှိတဲ့ လူတွေ့ရဲ့ စိတ်ဓာတ်ကို နားလည်တဲ့၊ လမ်းပေါ်က တိုက်ပွဲအကြောင်းကို နားလည်တဲ့ Street Smart လူလည်တယောက်ပဲ။ ဗျုဟာ Strategy ကို နားလည်တဲ့ ဗျုဟာမှူးကောင်း Good Strategist လို့ ပြောလို့ရနိုင်တယ်။

ဗိုလ်ချုပ်သန်းရွှေဟာ သူ့အာဏာတည်မြဲရေးအတွက် အာဏာရှင်တိုင်း ကျင့်သုံးရမယ့် Manipulation & Exploitation by power ဆိုတဲ့ အာဏာသုံးပြီး လူတွေကို ဘယ်လို အသုံးချရမယ်၊ ကြိုးကိုင်ရမယ် ဆိုတာကို ကောင်းကောင်း သိတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နည်းပရိယာယ်နဲ့ အာဏာရှင်ကျမ်းကို ကျေခဲ့ပုံရတယ်။ ကိုယ့်အင်အားမရှိခင် ရေမြွေလို ငြိမ်နေပြီး အဆိပ်ရှိတာ မပြနဲ့၊ ပိုင်မှ တချီထဲ ထပေါက်လိုက်တာ။ ဗိုလ်ချုပ် ခင်ညွန့်ကို ‘ဝ’ အောင် အသုံးချပြီး၊ ဗိုလ်ချုပ်နေဝင်းကိုတောင် ပြန်ကိုင်နိုင်တာ ငပေါ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ရန်သူတွေက ကိုယ့်ကို လျှော့တွက်အောင် အထင်သေးအောင် ‘နေ’ နိုင်တာ ‘ပညာရပ်’ တခုပဲ။

အာဏာရှင်စနစ်မှာ အာဏာရှင်မှန်ရင် အဓိကဟာ အမြဲသတိရှိရမယ်၊ အမြဲစောင့်ကြည့်နေရမယ်၊ နှိပ်ကွပ်စရာရှိရင် လက်မနှေးရဘူး၊ ရက်စက်နိုင်ရမယ်။ စတာလင်သော်၎င်း၊ မော်စီတုံးသော်၎င်း တိုင်းပြည် အုပ်ချုပ်ရေးနဲ့ ထူထောင်ရေးကို အချိန်ပြည့် အလေးထားကြတာမှ မဟုတ်တာ။ ဒါက ချူအင်လိုင်းရဲ့ တာဝန်။ ယဉ်ကျေးမှု တော်လှန်ရေးမှာ မော် ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ အကုန်မသိဘူး။ အကုန်မပြော။ အားလုံးအန္တရာယ်ရှိအောင် ‘လုပ်’ ထားပြီး တဖက်နဲ့တဖက်၊ တယောက်နဲ့တယောက် ‘အားပြိုင်’ ခိုင်ထား။ ‘အလုပ်’ ပေးထားတာ။ ဒါမှ အာဏာ လုဖို့၊ ကြံဖို့ အချိန် မရှိအောင် လုပ်ထားတာ။ မော့် အစီအစဉ်ကို မော် တယောက်ပဲ သိတာ။ မော်ဟာ သူ့လူတွေကို အချိန်ပြည့် စောင့်ကြည့်နေတာ။ လူတိုင်းကိုလည်း အတွေ့မခံ၊ တွေ့ချင်ရင် ခွင့်တောင်းနေရတာ။

ဗိုလ်ချုပ်သန်းရွှေကို လေ့လာရင်လည်း ဗိုလ်ချုပ်တွေဟာ တွေ့ချင်တိုင်း ဗိုလ်ချုပ်သန်းရွှေကို မတွေ့ရပါ။ ‘ခေါ်’ မှ တွေ့ရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကြည့်ရင်လည်း ဘယ်သူမှ ဘာ ‘လုပ်’ မယ်ဆိုတာ တိတိကျကျ မသိကြပါ။ ဟိုဝန်ကြီးကို တမျိုးခိုင်း၊ ဒီဝန်ကြီးကို တမျိုးခိုင်း၊ ဒီဗိုလ်ချုပ်ကို မျက်နှာသာပေးလိုက်၊ ဟိုဗိုလ်ချုပ်ကို မျှော်လင့်ချက်ပေးလိုက်နဲ့ အချင်းချင်း ပြိုင်ခိုင်းထားတာပါ။ အာဏာကို နားမလည်တဲ့ ဗိုလ်ချုပ်ဆိုရင် အကွက်မှားတာနဲ့ ‘နာ’ ပြီသာ မှတ်ပေတော့။ ၂ဝ၁ဝ ရွေးကောက်မှာ ဘာဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်သန်းရွှေပဲ သိတယ်လို့ ကျနော် ယူဆတယ်။

ဗိုလ်ချုပ်သန်းရွှေ ‘မှား’ တဲ့ အကွက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကိုလိုက် ‘နင်း’ ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှု မရှိတာကတော့ ကျနော်တို့ အတိုက်ခံတွေရဲ့ ‘အားနည်း’ ချက် သက်သက်ပဲ။ ဒါကြောင့် ‘အတို’ ချုပ်ရရင် -

* ရန်သူကို နားလည်ပါ Know your Enemy
* ရန်သူ တွေးသလို၊ တွေးပါ
* စစ်ပွဲတပွဲလို (ပြင်ဆင်) ထားပါ
* စစ်သား (တွေး) နည်းကို သိပါစေ
* စစ်သားဖြစ်မှတော့ လူသတ်ရမှာကို မကြောက်တာကြောင့် စိတ်ပုတီးဆွဲပြီး တိုက်၍ မရပါ
* စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ချင်ရင် ‘အနိုင်’ ယူရမှာကို လက်တွန့်၍ မရပါ
* ပြင်ဆင်မှု ရှိကြပါစေ
* နိုင်ငံရေးတိုက်ပွဲကို စစ်ပွဲတပွဲအဖြစ် မြင်ကြ၍ ဗျူဟာ ရှိပါစေ

0 comments to "mmm"

Post a Comment

Related Posts with Thumbnails

Jul 10, 2009

mmm

Posted by မာန်လေး at Friday, July 10, 2009

0 comments on "mmm"

Post a Comment

Followers

..k

About This Blog

တခုခုတော့ပြောထားခဲ့ပါ

Blog Archive

Web hosting for webmasters